Thursday, November 15, 2012

ရဟန်းသံဃာတော်များအား စားသောက်ဖွယ်များ အပ်စပ်မှုရှိအောင် ကပ်လှူနည်း


ရဟန်းသံဃာတော်များအား စားသောက်ဖွယ်များ အပ်စပ်မှုရှိအောင် ကပ်လှူနည်း
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မလွဲမသွေ တွေ့ကြုံရမည့် အရေးကိစ္စတစ်ခုရှိပါသည်။ ၄င်းမှာ မိမိတို့အိမ်၌ အလှူလုပ်၍သော်လည်းကောင်း၊ သာရေး နာရေးကိစ္စများ၌ သော်လည်းကောင်း ၊ ခရီးသွားသည့်အခါ၌ ခရီးသွား ရဟန်းများကိုသော်လည်းကောင်း ဆွမ်းကပ်လှူဒါန်းမည်ဆိုပါက နည်းမှန်လမ်းမှန် အပ်စပ်အောင် ဆွမ်းကပ်တတ်ဖို့ အောက်ပါဆွမ်းကပ်နည်းကို လေ့လာသင့်ပါသည်။
ရဟန်းသံဃာတော်များသည် စားသောက်ဖွယ်ရာများကို မိမိကိုယ်တိုင် ဘုဉ်းပေးသုံးဆောင်ခွင့်မရှိပါ။ မစားရပါ။ ဘုဉ်းပေးသုံးဆောင်လျှင်(စားလျှင်) ဝိနည်းသိက္ခာပုဒ်အရ အပြစ်သင့်ပါသည်။( အာပတ်သင့်သည်ဟုသုံးနှုန်း၏) လူပုဂ္ဂိုလ်များက ဝိနည်းသိက္ခာပုဒ်နှင့် ညီညွတ်အောင် ကိုယ်ထိလက်ရောက် ကပ်လှူမှ ရဟန်းသံဃာတော်များ အနေဖြင့် ဘုဉ်းပေးသုံးဆောင်ခွင့်(စားခွင့်)ရှိပါသည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ဆွမ်းစသော စားသောက်ဖွယ်ရာပစ္စည်းများကို ရဟန်းသံဃာတော်၏ လက်သို့ ထိအောင် ရောက်အောင် ပေးခြင်းကို ကပ်လှူသည်ဟု ခေါ်၏။ ယင်းသို့ ကိုယ်ထိလက်ရောက် ပေးလှူခြင်းကို ကပ်သည်ဟုလည်းအတိုကောက် သုံးနှုန်း၏။ ယင်းသို့ ကပ်လှူရာ၌ အင်္ဂါ(၅)မျိုးနှင့် ပြည့်စုံမှ ကပ်လှူမှု ထမြောက် အောင်မြင်ပါသည်။ အင်္ဂါငါးမျိုး နှင့်ပြည့်စုံအောင် ပေးလှူခြင်းကို အကပ်မြောက်သည်ဟု အတိုကောက်သုံးနှုန်း၏။
အကပ်မြောက်အင်္ဂါငါးမျိုး
၁။ ကပ်လှူမည့်သူက ကပ်လှူခြင်းကို ခံယူမည့်ရဟန်း၏လက်သို့ရောက်အောင် (သို့မဟုတ်) ထိအောင် စားဖွယ်ပစ္စည်းကို ရှေးရှုဆောင်ပေးခြင်း။ ထို့သို့လက်ဖြင့် ရှေ့ထိုးပေးမှ ရှေးရှုဆောင်ရာရောက်သည်မဟုတ်သေး ဦးခေါင်းပေါ်၌ ရွက်ထားသော စားဖွယ်ခွက်ကို ပေးလှူလို၍ အနည်းငယ်စောင်းပေးလိုက်လျှင် ရှေးရှုဆောင်ပေး ရာ ရောက်သောကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့်ထိကာ အလိုရှိရာ ယူစားနိုင်၏။
၂။ ကပ်လှူမည့်သူသည် ကပ်လှူခြင်းကို ခံယူမည့် ရဟန်း၏ နှစ်တောင့်ထွာအတွင်း ရောက်ရှိနေရခြင်း၊ (နှစ်ထောင့်ထွာ ဟတ္တပါသ်ဟု သုံးနှုန်းခေါ်ဆို၏)။
၃။ အားအလတ်စားရှိသူ တစ်ယောက်တည်း မြှောက်ချီ မ-ယူနိုင်သော ပစ္စည်းဝတ္ထုဖြစ်စေရခြင်း။
(မှက်ချက်)။ ။ ဆွမ်းနှင့် ဆွမ်းဟင်းပန်းကန်များတင်ထားသော စားပွဲခုံသည် ခွန်အား အလတ်စားရှိသူ တစ်ယောက်တည်း မြှောက်ချီ မ-ယူနိုင်ပါက နှစ်ယောက်သုံးယောက်ဝိုင်းဝန်းမြှောက်ချီ မ-ယူ၍ ဆက်ကပ်မှုမျိုး သည် အကပ်မြောက်ပါသည်။ ဆိုလိုသည်မှာ ကပ်လှူမည့် စားပွဲခုံအား အလယ်အလတ်အားရှိသူတစ်ဦးတည်း မ-ချီနိုင်လျှင်လည်း မိသားစုများအနေနဲ့ သဟတ္ထိကဒါနဖြစ်စေလို၍သော်လည်းကောင်း၊ အတူတကွကပ်လှူချင် ၍သော်လည်းကောင်း ဝိုင်းဝန်း မ-ချီ၍ဆက်ကပ်ပါကလည်း အကပ်မြောက်မည်ဖြစ်ပါသည်။ အလှူရှင်များ အားလုံး မယူကပ်လှူနိုင်ပါသည်။
၎။ ကိုယ်ဖြင့်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော(ကိုင်ထားသော) ခွက်စသည်ဖြင့်ဖြစ်စေ ၊ အနီးကပ်ပစ်၍ဖြစ်စေ၊ ဤသုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်လှူသူကပေးခြင်း။(မှတ်ချက်) ပစ်၍ပေးခြင်း ကပ်လှူမှုမျိုးသည် မရိုမသေ ရိုင်းစိုင်းရာဖြစ်သောကြောင့် ကပ်လှူလေ့မရှိပါ။
၅။ ကိုယ်၏ အစိတ်အပိုင်းလက်စသည်ဖြင့် ဖြစ်စေ၊ ကိုယ်နှင့်စပ်သော (ကိုင်ထားသော) ခွက်၊ တုတ်စသည်ဖြင့် ခံ၍ ထိ၍ ဖြစ်စေ ဤနှစ်မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံရသောရဟန်းကခံယူခြင်း။
ဤငါးမျိုးနှင့် ပြည့်စုံညီညွတ်အောင် ကပ်လှူမှသာ အကပ်မြောက်ပါသည်။
အကျဉ်းချုပ်အားဖြင့်
၁။ရှေ့ရှုဆောင်ခြင်း။
၂။ နှစ်ထောင့်ထွာအတွင်း ဖြစ်ခြင်း။
၃။ တစ်ယောက်မ-နိုင်ခြင်း။
၎။ လက်ဖြင့်(သို့မဟုတ်) ပန်းကန်စသည်ဖြင့် ထည့်၍ကပ်ခြင်း။
၅။ ရဟန်းက အကပ်ခံခြင်း
ဤသို့ စားသောက်ဖွယ်များကို ရဟန်းသံဃာတော်များအား ကပ်လှူရာ၌ အမျိုးသမီးဖြစ်ပါက ကြုံ့ကြုံ့ကလေး ထိုင်၍၊ အမျိုးသားဖြစ်ပါက ဒူးတုပ်ထိုင်ပြီး ဖော်ပြခဲ့ပြီးသော အင်္ဂါငါးမျိုးတို့ပြည့်စုံ ညီညွတ်အောင် ရိုသေလေးစား စွာကပ်လှူရပါမည်။ သက္ကစ္စဂါရဝမြောက်ရမည်။ သို့မှသာ လူနတ်နိဗ္ဗာန်သုံးတန်ရောက်ကြောင်း အကျင့်ကောင်းဖြစ်၍ မွန်မြတ်သော ကောင်းကျိုးကို ရရှိနိုင်မည်ဖြစ်ပါသည်။
စားသုံးဖွယ် အသီးအနှံ အညွန့်များကို ရဟန်းသံဃာတော်များ ဘုဉ်းပေးသုံးဆောင်နိုင်အောင် ပြုလုပ်ပေးနည်း
ရဟန်းသံဃာတော်များသည် သစ်ပင်ကိုခုတ်လှဲခြင်း၊ မီးရှို့ခြင်းစသည်ဖြင့် မဖျက်ဆီးရပါ။ မျိုးစေ့ကိုလည်း မဖျက်ဆီးရပါ။ ဖျက်ဆီးလျှင် အာပတ်သင့်ခြင်း အပြစ်ရပါသည်။ရဟန်းသံဃာတော်များသည် သစ်ပင်များကို ကိုယ်တိုင်ဖျက်ဆီးတာကို မဆိုထားနှင့် သူတပါးကို ခိုင်းသော အခါမှာပင် အပ်စပ်အောင် ခိုင်းရပါသည်။ မခိုင်းတတ်လျှင် အာပတ်သင့်ခြင်း အပြစ်ရပါသည်။
ဤသစ်ပင်ကို ဖြတ်စမ်း၊ ခုတ်စမ်း၊ လှဲစမ်း၊ ချိုင်စမ်း၊ ဤအသီးကိုဆွတ်စမ်း၊ ခူးစမ်း၊ ငရုတ်သီးကို ထောင်းစမ်း၊ ကြက်သွန်ကို ထောင်းစမ်း၊ ကြံကို ဖြတ်စမ်း စသည်ဖြင့် မခိုင်းရပါ။ “ဤသစ်ကိုင်းကြီး ပိုထွက်နေတယ်။ ကပ္ပိစမ်း၊ ငရုတ်သီးနှင့် ကြက်သွန်အပ်စပ်အောင် ကပ္ပိစမ်း” စသည်ဖြင့် ခိုင်းရပါသည်။ ကပ္ပိဟု ပြောရသည်။ “ကပ္ပိ” ဆိုသည်မှာ “အပ်စပ်အောင်လုပ်” ဟုပြောခြင်းဖြစ်၏။
သစ်ပင်များသည် အမြစ်ဖြင့် အသက်ရှင်ခြင်း၊ အဆစ်မှ အမြစ်ထွက်၍ အသက်ရှင်ခြင်း(ကြံပင်စသည်)၊ ပင်စည်မှ အမြစ်ထွက်၍ အသက်ရှင်ခြင်း(ပိတောက်ပင်စသည်)၊ အညွန့်ဖြင့် အသက်ရှည်ခြင်း (ကဇွန်းရွတ်စသည်)၊ အစေ့မှ အပင်ပေါက်၍ အသက်ရှင်ခြင်းတို့ဖြင့် ရပ်တည်နေကြပါသည်။
မျိုးစေ့ကိုဖြစ်စေ၊ သစ်ပင်ကိုဖြစ်စေ၊ ရဟန်းသံဃာတော်များ ဖျက်ဆီးခွင့်မရှိသောကြောင့် ငရုတ်သီး၊ ကြက်သွန်၊ မာလကာသီး၊ ကြံစသည်တို့ကို ရဟန်းသံဃာတော်များအားကပ်လှူလိုပါက အပ်အပ်စပ်စပ် ဘုဉ်းပေး သုံးဆောင်ခွင့်ရအောင် အလှူရှင် လူပုဂ္ဂိုလ်များက ပြုလုပ်ဆောင်ရွတ်ပေးရပါသည်။
ငရုတ်သီးစိမ်းစသည်တို့ကို
၁။ မီးဖြင့်တိုက်ခြင်း၊ကပ်ခြင်း။
၂။ ဓားဖြင့်ခုတ်ခြင်း၊ လှီးခြင်း။
၃။ လက်သည်းဖြင့် ဆိတ်ဖြတ် ထိုးဖောက်ခြင်း။
၎။အပင်မပေါက်နိုင်သော အစေ့အနုဖြစ်က အလိုအလျောက်အပ်စပ်ခြင်း။
၅။ သရက်သီးမှည့် စသည်တွင် အပင်ပေါက်နိုင်သော အစေ့ကို ထုတ်ပစ်ခြင်း။
ဤငါးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် အပ်စပ်အောင် ပြုလုပ်ဆက်ကပ်ရသည်။ ငရုတ်သီး၊ ကြက်သွန်တို့ကို ထောင်းခြင်း၊ မီးကင်ခြင်းပြုလုပ်ပြီးမှ ကပ်လှူပါက အထူးပြုလုပ်စရာမလိုတော့ပေ။
မထောင်း၊ မကင်၊ မပြုတ်ဘဲ ငရုတ်သီး၊ ကြက်သွန်၊ ကန်ဇွန်းရွက်စသည်တို့ကို ရဟန်းသံဃာတော်များအား ကပ်လှူပါက အပ်စပ်အောင် ပြုလုပ်ပေးရပါသည်။ ရှင်သန်ပေါက်ရောက်နိုင်သော အရွက်၊ အညွန့်၊ အသီးဖြစ်ပါက အပ်စပ်အောင်ပြုလုပ်ပေးရပါသည်။ အဆစ်ပါသော ကြံချောင်းဖြစ်ပါက ပေါက်ရောက်နိုင်သေး သောကြောင့် အပ်စပ်အောင် ပြုလုပ်ပေးရပါသည်။ အဆစ်တွေကို ပယ်ပစ်ပါက အထူးပြုလုပ်စရာ မလိုတော့ပေ။
အပ်စပ်အောင်ပြုလုပ်နည်း
ရှင်သန်ပေါက်ရောက်နိုင်သော အရွက်၊ အညွန့်၊ သီးနှံတို့ကို ရဟန်းသံဃာတော်အား ကပ်လှူပါက ကပ်လှူခြင်း ခံယူသော ရဟန်းက ယင်းပစ္စည်း(ဥပမာ- ငရုတ်သီး) ကို ကိုင်၍ “ကပ္ပိယံ ကရောဟိ” ဟု အသံထွက်အောင် ပြောဆိုလိုက်သောအခါ ကပ်လှူသောသူက “ကပ္ပိယံ ဘန္တေပါဘုရား” ဟု ဆိုလျက် လက်သည်းဖြင့် ငရုတ်သီးကို ဆိတ်ပစ်၊ သို့မဟုတ် ချိုးပစ်လိုက်ရပါသည်။
အဓိပ္ပာယ်
(က)။ ကပ္ပိယံ။ အပ်စပ်အောင်၊ ကရောဟိ။ ပြုလုပ်ပေးပါလော့။ (ကပ္ပိယံ ကရောဟိ= ရဟန်းသံဃာတော်များ နှင့် အပ်စပ်အောင် ဘုဉ်းပေးသုံဆောင်ခွင့်ရအောင် ပြုလုပ်ပေးပါဟု ဆိုလိုသည်။)
(ခ)။ ဘန္တေ၊အရှင်ဘုရား၊ ကပ္ပိယံ၊ အပ်စပ်အောင် ပြုလုပ်ပြီးပါပြီဘုရား။
(ကပ္ပိယံဘန္တေ= ရဟန်းသံဃာတော်များနှင့် အပ်စပ်အောင်ပြုလုပ်ပြီးပါပြီဘုရားဟု ဆိုလိုသည်။)
မှတ်ချက်။ ။ဆွမ်း၊ ဆွမ်းဟင်း စားပွဲကပ်လှူပြီးပါက မကိုင်းကောင်း၊ ကိုင်လျှင် အကပ်ပျက်သည်ဟု မမှတ်ယူသင့်ပါ။ အချို့သောပုဂ္ဂိုလ်များဤသို့ မှတ်ယူနေကြပါသည်။ ကပ်လှူပြီးသော ဆွမ်းဟင်းများကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံထည့်ပေးခြင်းသည်လည်းအကပ်မြောက်သည်သာဖြစ်သည်။ အကပ်မပျက်ပါ။
ဤသည်ကား ရဟန်းသံဃာများနှင့် ဆက်ဆံရာ၌ ဗုဒ္ဓဘာသာတို့ သိထားသင့်သော အချက်များပင်ဖြစ်ပေသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
ကျမ်းကိုး။ ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်( သာသနာရေးဝန်ကြီးဌာန)

No comments:

Post a Comment