Thursday, October 18, 2012

ကထိန်အလှူအကြောင်းသိကောင်းစရာ



ခွင့်ပြုတော်မူခြင်း၏ ရည်ရွယ်ချက်

သုံးလောကထွဋ်တင် သဗ္ဗညုဘုရားသခင်သည် ဇေတဝန်ကျောင်းတော်မြတ်၌ ကိန်းဝပ်စမ္ပယ် တင့်တယ်စွာ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ်ပါးရှား ပါဝေယျကရဋ္ဌတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးဂျိပ်တို့အား အကြောင်းပြု၍-ဝါဆို ဝါကပ်တော်မူကြသည့် ရဟန်း၊ သံဃာတော်များအား သင်္ကန်းကိစ္စနှင့်ပတ်သက်၍ ပူပင်ကြောင့်ကြမှု မရှိစေဘဲ
၁။ ရဟန်းသံဃာတော်များ သင်္ကန်းရစေမှု၊
၂။ ကထိန်အာနိသင် ၅ပါး ခံစားရမှု၊
၃။ ကထိန်သင်္ကန်းလှူသူ အကျိုးများမှု၊
ဤအချက်ကြီး၃ချက်ကို ရည်မှတ်တော်မူလျက် ''အနုဇာနာမိဘိ က္ခဝေ ဝဿံဝုတ္ထာနံဘိက္ခူနံ ကထိန် အတ္ထရိတုံ'' အစရှိသဖြင့် ဝိနည်း မဟာဝါကထိနက္ခန္ဓက၌ လာသည့်အတိုင်း ဝါကျွတ်မိုးနှောင်း အချိန်ကောင်းတွင် ကထိန်ခင်းမှုကို ခွင့်ပြုသတ်မှတ် ပညတ်တော်မူခဲ့လေသည်။

ကထိန်သင်္ကန်း

ကထိနစီဝရ - ကထိန်သင်္ကန်း၊ ကထိန်ကံဆောင်ရန် လှူအပ်သောသင်္ကန်း။
ဘုရားရှင်လက်ထက်က ပါဝေယျတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ သံဃာတော်များ သင်္ကန်းလုံလောက်ရန် ကထိန်သင်္ကန်း အလှူခံခွင့်ပြုထားသည်။ ကထိန်ခင်းရန် ခွင့်ပြုသော ရက်အပိုင်းအခြားသည် သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လသာ ဖြစ်သည်။ ကထိန်သင်္ကန်းကို အမိအဖတို့ထံမှသော်လည်း အလှူမခံရပါ၊ သဒ္ဓါအလျောက် ဖြစ်ပေါ်လာသော သင်္ကန်းဖြစ်မှ သိမ်အတွင်း ဝါဆိုသံဃာများစုဝေး၍ ကမ္မဝါရွတ်ဖတ်ပြီး ကထိန် ခင်းရသည်။ သင်္ကန်းလှူသောအခါ ပုဂ္ဂိုလ်ကို မလှူရ။ သံဃာကို ရည်ညွှန်းလှူရသည်။ သံဃာ့အစည်းအဝေး၌ သင်္ကန်းရှားပါးသော ရဟန်းအား ထိုကထိန်သင်္ကန်းကို ပေးရသည်။ လှူသောသူရော ခံယူသူ ရဟန်းပါ အကျိုးငါးမျိုးရရှိသည်။

ကထိန်ဟူသော ဝေါဟာရ

ကထိန်ဟူသော ဝေါဟာရသည် ကထိနဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာသော စကားဖြစ်ပါသည်။ ရိုးရိုးအဓိပ္ပါယ်မှာ မြဲမြံခြင်းဟူသော အနက်အဓိပ္ပါယ် ရှိပါသည်။
ကထိန်အာနိသင်အကျိုး ငါးမျိုးသည် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှ တပေါင်းလပြည့်နေ့အထိ (၅)လတိုင်တိုင် ကထိန်ခင်းသော ကျောင်းတိုက်အတွင်း၌ မြဲမြံခိုင်ခံ့တည်တံ့ စေတတ်သော အနက်သဘော၊ ကထိန်အကျိုးအာနိသင်ငါးမျိုးကို ကထိန်ခင်းသော သံဃာမှတစ်ပါး အခြားသံဃာတို့ မရောက်စေမူ၍ ကထိန်ခင်းသော သံဃာအားသာ ရရှိအောင် ချီးမြှင့်ထောက်ပံ့တတ်သော အနက်သဘော၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည် ကောင်း၏တော်၏ဟု ချီးမွမ်းအပ်သောအနက်သဘော၊ ဟူ၍ ကထိန်နှင့်ပတ်သက်၍ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေးသားကြပါသည်။ အချုပ်မှာ ကထိန်အကျိုးငါးပါးကို မြဲမြံခိုင်ခန့်တည်တံ့ စေနိုင်သော ဘုရားစသော သူတော်ကောင်းကို ချီးမွှမ်းအပ်သော သံဃာတော်များ ဆောင်ရွက်ရသော အလုပ်ကိစ္စ (သံဃာကံ)သည် ကထိန်မည်ပါသည်။

ကထိန်သင်္ကန်း လှူသူတို့၏ အကျိုးငါးပါး

ကထိန်အကျိုး(၅)ပါးကို ရဟန်းတို့ရသလို လှူဒါန်းသူ ဒါယကာတို့မှာလည်း အကျိုးငါးပါးရပါသည်-
၁။ မိမိအား ချုပ်ချယ်သူမရှိဘဲ လွတ်လပ်စွာ သွားလာနိုင်ခြင်း၊
၂။ ကိုယ်ပိုင်ပစ္စည်းနှင့်ကင်းကွာနေသော်လည်း မပျက်စီးနိုင်ခြင်း၊
၃။ မွန်မြတ်သော အစာအဟာရကို စားသုံးနိုင်ခြင်း၊
၎။ ပစ္စည်းအပေါ်စွဲလမ်းမှုမရှိဘဲ အလိုရှိတိုင်း သုံးစွဲနိုင်ခြင်း၊
၅။ အလိုရှိသောပစ္စည်းများ အလွယ်တကူရနိုင်ခြင်း၊
ရဟန်းများကို ဘုရားရှင်က ဝါဆိုဝါကပ် ခွင့်ပြုတော်မူပြီးနောက် နှစ်အတန်ကြာတွင် ဘုရားရှင်က လူတို့ လှူဒါန်းသော သင်္ကန်းကိုခွင့်ပြုခဲ့ရာ ဝါဆိုသင်္ကန်းလှူဒါန်းလိုသော သူတို့သည် ဝါဆိုဝါကပ်ကြာသော ရဟန်းများကို ဝါဆိုချိန်ဝါတွင်းအချိန် ဝါကျွတ်ခါနီးအချိန်တို့၌ ဝါဆိုသင်္ကန်းကို ကပ်လှူကြသည်။

ကထိန်သင်္ကန်း အလှူခံရဟန်း ရရှိသောအကျိုးငါးပါး

ကထိန်သင်္ကန်းနှင့်ပတ်သက်၍ ကထိန်ခံရဟန်းနှင့် ကထိန်အနုမောဒနာပြုရဟန်းတို့ ရရှိသော အကျိုးတရား ငါးပါးရှိပါသည်။
၁။ ဆွမ်းဘုဉ်းပေးပင့်သော ဒါယကာတို့အိမ်သို့မြ<ွကမီ အနီးရှိ ရဟန်းတစ်ပါးပါးကို မပြောကြားဘဲ အခြားဒါယကာ တစ်ဦးအိမ်သို့ သွားသော်လည်း စာရိတ္တသိက္ခာပုဒ်ဖြင့် အာပတ်မသင့်ခြင်း၊
၂။ တိစီဝရိတ်အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့တွင် (၁)ထည်ထည်နှင့်ဖြစ်စေ၊ (၃)ထည်လုံးနှင့်ဖြစ်စေ ညဥ့်ကင်း၍ နေသော်လည်း ဒုတိယကထိနသိက္ခာပုဒ်ဖြင့် အာပတ်မသင့်ခြင်း၊
၃။ တပည့်တော်တို့၏ ထမင်းကို အလှူခံတော်မူပါဟု မအပ်သောနည်းဖြင့် ဖိတ်သောဒါယကာတို့၏ ဆွမ်းကို လေးပါး ငါးပါးထက်ပိုသော ရဟန်းတို့အတူတကွယူ၍ အတူတကွဘုဉ်းပေးသော်လည်း ဂဏဘောဇနသိက္ခာပုဒ်အရ အာပတ်မသင့်ခြင်း၊
၎။ မိမိရရှိသော သင်္ကန်းများကို အဓိဋ္ဌာန်ပတ်၊ ဝိကပ္ပနာမပြုဘဲ (၁ဝ)ရက်လွန်အောင်ထားသော်လည်း ပထမကထိန သိက္ခာပုဒ်ဖြင့် အာပတ် မသင့်ခြင်း၊
၅။ မိမိတို့ကျောင်း ဥပစာအတွင်း၌ ဖြစ်ပေါ်လာသော မတသန္တကစိဝရစသော သံဃိကအဝတ်သင်္ကန်းဟူသမျှကို ဝါကျိုး ဝါပြတ်ရဟန်း အာဂန္တုကရဟန်းတို့အား မပေးဝေရဘဲ မိမိတို့သာ ဝေဖန်၍ ယူနိုင်ခြင်း၊ ဟူသော အကျိုးငါးပါးကို ရရှိခံစားရပါသည်။

No comments:

Post a Comment