Thursday, November 15, 2012

ပြည်တွင်းပြည်ပ ဟာသများ


စေ၊ ဝေ၊ ဆော
ရပ်ကွက်တစ်ခုတွင် ကောင်မလေးတစ်ယောက် စက်ဘီးပျက်သဖြင့်လမ်းဘေး၌
ရပ်ကာ မလုပ်တတ် မကိုင်တတ်ဖြစ်နေလေသည်။ ထိုအခါ တစ်ရပ်ကွက်တည်းနေ
ကောင်လေးတစ်ယောက် ရောက်လာပြီးမေးလေသည်။ “ဘာကူညီပေးရလဲ”
ကောင်မလေးက အင်တင်တင်ပုံစံဖြင့် “ရပါတယ်၊ ကိစ္စမရှိဘူး၊ ငါ့ဘာသာငါလုပ်မယ်”
ဟုပြောလေသည်။

ထိုအခါ ကောင်လေးပြန်ပြောလိုက်သောစကားကြောင့် ကောင်မလေးမှာ
ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ ကောင်လေးပြန်ပြောလိုက်သည်က-

“စေနဲ့ပြောတာ ဝေလို့ထင်ရင်လဲ ဆောပဲကွာ” တဲ့။ ။
မှတ်ချက်။ ။ စေ=စေတနာ
ဝေ=ဝေဒနာ
ဆော=ဆောရီး

ရှည်လိုက်တဲ့စာ
တစ်ခါက ရွာတစ်ရွာမှာ ဦးတာတူးနဲ့ ဒေါ်မယ်လှ ဆိုတာရှိ၏။ ၎င်းတို့တွင် ကိုရင်ဝတ်
သားတစ်ယောက်ရှိ၏။ ထိုကိုရင်လေးကား ရွာနှင့်ဝေးသော မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်
တွင်ပညာသင်ကြားနေ၏။









တစ်နေ့ ဒေါ်မယ်လှက ဦးတာတူးအား ကိုရင်လေးထံ နေထိုင်ကောင်း မကောင်း စာ
ရေးရန် မကြာခဏပူဆာ၏။ ထို့ကြောင့် ဦးတာတူး စာရေး၍ လူကြုံပါးလိုက်၏။
ထိုစာမှာကား “သို့...ကိုရင် နေကောင်းလား” ဟုဖြစ်၏။ နောက်တစ်နေ့ ဦးတာတူးတို့
လင်မယားထံစာပြန်လာ၏။
ကိုရင်ပေးလိုက်သောစာမှာ “အေး” ဟူ၏။ ။
သူခိုးဖမ်းနည်း
ကိုကြီးကျော်တစ်ယောက် ကြက်ဝါသနာပါပုံကတော့အံ့သြစရာ။ သူ့တိုက်ကြက်ကြီးတွေ
က မျိုးကောင်း မျိုးသန့်တွေမို့ ပွဲတိုင်းကျော်၊ တိုက်တိုင်းနိုင်တွေ၊ ဒါကိုသူဂုဏ်ယူလို့မဆုံး။
ဒါကြောင့်လည်း ကြက်တွေ အိပ်တန်းတက်တာတောင်မှ ဆွဲပြားလေးတွေဆွဲပေးပြီးမှအိပ်စေတယ်။

တစ်ညမှာတော့ တိုက်ကြက်တစ်ကောင် သူခိုးနောက်ပါသွားတယ်။ ချက်စားမလို့ထင်ပါရဲ့
တစ်ကောင်တည်း ပါသွားတာ။ သူ့မှာနှမျောလွန်းလို့ တက်တစ်ခေါက်ခေါက်။

မကြာပါဘူး...ဂွတိုတို့သူငယ်ချင်း သုံးယောက်အပြေးအလွှားရောက်လာပြီး ပိုက်ဆံနှစ်သောင်း
တိတိထိုးပေးရင်း ထိုင်ကန်တော့တာပါပဲ။

အဓိက အကြောင်းအရင်းကတော့ ကြက်လည်ပင်းမှာပါလာတဲ့ ဆွဲပြားကြောင့်လေ။
ဆွဲပြားမှာ ရေးထားတာက-

“ဤကြက်သည် ကြက်တုပ်ကွေးမိနေပါသဖြင့် စားသုံးရန်မသင့်၊ စားမိပါက ရောဂါကူးစက်ပြီး
သေဆုံးရန်သာရှိသည်။ ကျွန်ုပ်မှာသာဆေးရှိ၏” တဲ့။ ။

လူမှန်ရင်ကြောက်တာချည်းပဲ
ညဥ့်အချိန်တွင် သင်္ချိုင်းဘေးမှ အမျိုးသမီးငယ်တစ်ဦးဖြတ်လျှောက်သွားသည်။ ၎င်း၏နောက်မှာ
လူရိပ်တစ်ရိပ်လိုက်လာပြီး သူမကိုမှီလာသည်။

“ကြောက်သလား”
ဘေးကအမည်မသိ လူတစ်ဦးကမေးလိုက်သည်။

“ကြောက်တာပေါ့ရှင့်”
“အင်း ကျွန်တော်လည်း အသက်ရှင်တုန်းကကြောက်ခဲ့တာပဲ” ။ ။
ကြည်းတပ်
အမူးသမားတစ်ယောက် ရေအိုင်ထဲတွင်ထိုင်နေသည်။
အနားသို့ ရဲသားရောက်လာပြီးမေးသည်၊

“ရေအိုင်ထဲဘာထိုင်လုပ်နေတာလဲ”
အမူးသမား။ ။ခင်ဗျား ဘယ်တပ်ကလဲ
ရဲသား ။ ။မပြောတတ်ဘူး၊ ကြည်းတပ်ကထင်တယ်
အမူးသမား။ ။ ဒါဆို ရေတပ်ကိစ္စထဲ လာမရှုပ်နဲ့။ ။
ငုန်တာဥ
ယုန်တစ်ကောင် အိမ်ဆောက်ပစ္စည်းဆိုင်သို့ လာမေးသည်။
“ငုန်တာဥ ရှိလားခင်ဗျာ”
အလုပ်များနေသော ဆိုင်ရှင်က ဒေါသကြီးစွာပြန်ပြောသည်။
“ဟေ့ ယုန်စုတ်၊ တစ်အချက် ငုန်တာဥ မဟုတ်ဘူး၊ မုန်လာဥ၊ နှစ်အချက်
ဒါအိမ်ဆောက်ပစ္စည်းဆိုင်ကွ၊ ဘာမုန်လာဥမှမရှိဘူး၊ သုံးအချက် နောက်တစ်
ခါ ငုန်တာဥလို့ပြောရင် မင်းကိုနံရံမှာ သံနဲ့ရိုက်ထားမယ်”

ယုန်တောထဲသို့ပြန်သွားသည်။ နောက်တစ်နေ့ မနက်တွင် ထိုယုန်ပင် ပြန်
ရောက်လာပြီးမေးပြန်သည်။

“ဗျို့ ဦးလေးကြီး အိမ်ရိုက်သံရှိလား”
“မရှိဘူး ကုန်နေတယ်ဟေ့”
“ဒါဆို ငုန်တာဥရော ရှိလားဟင်...”။ ။
ယောင်တတ်လို့
လက်ထပ်ပွဲကျင်းပပြီးနောက် မိန်းကလေး၏မိဘများက သမက်ဖြစ်သူအား ဆုံးမစကား
ပြောကြားလေသည်။
ဖခင်။ ။ငါတို့သမီးလေးက အရမ်းလိမ်မာတယ်
သမက်။ ။ဟုတ်ကဲ့
ဖခင်။ ။အပြောအဆို ချိုသာပြီး ယဉ်ကျေးသိမ်မွေ့ ပါတယ်
သမက်။ ။ကျွန်တော်သိပါတယ်
ဖခင်။ ။ဒါကြောင့် ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံပါ။ ရန်ဖြစ်တာတွေ
မကြားချင်ဘူး
သမက်။ ။စိတ်ချပါခင်ဗျ
ဖခင်။ ။တစ်ခုတော့ ကြိုတင် မှာထားချင်တယ်။ သည်းခံပါ့မယ်လို့လည်း
ကတိပေးစေချင်တယ်
သမက်။ ။ဟုတ်ကဲ့ပြောပါ။ ကျွန်တော် သည်းခံ ပေါင်းသင်းသွားပါမယ်လို့
ကတိပေးပါတယ်
ဖခင်။ ။အေးကွာ၊ သမီးက ညဘက်ဆို ယောင်တက်ပြီး အိမ်အပြင်ထွက်
တွေ့တဲ့အိမ်ပေါ်တက်ပြီး အိပ်တတ်လေ့ရှိတာလေးပါပဲ
သမက်။ ။"ဗျာ" ။ ။
ကျွဲပါးစောင်းတီး
အမေး။ ။`ကျွဲပါးစောင်းတီး´ စကားပုံကို ရှင်းပြပါ။
အဖြေ။ ။ ကျွဲ၏ ပါးစောင်းအား သွားတီးခြင်းဖြစ်ပါသည်။ အင်မတန်မှ
အန္တရာယ်များမည့် အလုပ်ဟု ယူဆရပါသည်။

လူနှင့်ခွေး
အမေး။ ။လူနှင့်ခွေးအကြောင်း ရှင်းပြပါ။
အဖြေ။ ။လူသည် သေမျိုး၊ ခွေးသည်လည်း သေမျိုး
သေမျိုးခြင်းအတူတူဖြစ်သည်။ ထို့ကြောင့်...
လူသည် သေမျိုး = ခွေးသည် သေမျိုး
ညီမျှခြင်းနှစ်ဘက်စလုံးမှ `သေမျိုး´ များကို ချေလိုက်သောအခါ
လူ = ခွေး

နိုင်ငံရေး သတင်းထောက်
လူ တစ်ယောက်သည် နိုင်ငံရေး သမားတစ်ဦး၏ သတင်းထောက်အဖြစ်
လျှောက်ထားလိုက်သည်။ လျှောက်လွှာတင်ပြီး မကြာမီ နိုင်ငံရေးသမား၏ ရုံးမှ
ပြန်ကြားစာကို သူရသည်။

" လူကြီးမင်း၏ ကိုယ်ရေးမှတ်တမ်းသည်
ပုံကြီးချဲ့မှု၊ သဘာဝ မဆန်မှု၊ အမှန်တစ်ဝက် မုသားတစ်ဝက် ဖြစ်မှု များ
ပြည့်နေပါသည်။ လူကြီးမင်း တနလာင်္နေ့တွင် အလုပ်စတင် ၀င်ရောက်နိုင်ပါသလား"။ ။


နိုင်ငံရပ်ခြားဟာသများ(၁၃) (၁၄)
မေ့တတ်ပုံ
မစ္စဂျုန်း။ ။သင်္ဘောဝန်ထမ်းရေ…ကျွန်မ တစ်ခုခု မေ့နေတယ်ဆိုတာ သေချာတယ်။
ဒါပေမဲ့ ဘာမေ့နေသလဲဆိုတာတော့ ကျွန်မမသိဘူး။
သင်္ဘောဝန်ထမ်း။ ။ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ်ရော ရှိရဲ့လားဗျ။
မစ္စဂျုန်း။ ။ဟုတ်ကဲ့ ကျွန်မမှာရှိပါတယ်။ ပြီးတော့ သင်္ဘောလက်မှတ်လည်း
ရှိပါတယ်။ မေ့နေတယ်ဆိုတာ နောက်ထပ် ဘာများဖြစ်နိုင်မလဲ။
သင်္ဘောဝန်ထမ်း။ ။ခင်ဗျားရဲ့ ခရီးဆောင်အိတ်အားလုံးရော ရှိတယ်မဟုတ်လား။
မစ္စဂျုန်း။ ။ရှိတယ်လို့တော့ ထင်တာပဲ။ စစ်ကြည့်လိုက်ဦးမယ်နော်။
တစ်…နှစ်…သုံး…လေး…ငါး…။ ဟုတ်တယ် …အိတ်တွေအားလုံး ရှိပါတယ်။
သင်္ဘောဝန်ထမ်း။ ။ဒါဆိုရင်တော့ ခင်ဗျားလိုအပ်နေတယ်ထင်တဲ့ အရာအားလုံး
ခင်ဗျားမှာ ရှိတယ်ထင်တာပဲ။
မစ္စဂျုန်း။ ။မဖြစ်နိုင်ပါဘူးရှင်။ တစ်ခုခုတော့ လိုနေသလိုပဲ။ ဒါပေမဲ့
ဘာလဲဆိုတာတော့ ကျွန်မ စဉ်းစားလို့မရသေးဘူး။
သင်္ဘောဝန်ထမ်း။ ။လောလောဆယ် ဒီအတွက် မပူပါနဲ့ဗျာ။ သင်္ဘောက ခုပဲထွက်တော့မယ်။
ဒါနဲ့ခင်ဗျားယောက်ျားကရော။
မစ္စဂျုန်း။ ။ဟုတ်ပါရဲ့။ ကျွန်မ ခုမှပဲသိတော့တယ်။ ကျွန်မ မေ့နေတယ်ဆိုတာ
ကျွန်မ ယောက်ျားပဲလေ။
မပြရင် ရတာပဲ
တစ်နေ့က နကျယ်ကောင်တစ်ကောင် အိမ်ထဲဝင်လာသည်ကိုတွေ့တော့ ကျွန်မက
ယောက်ျားကို လှမ်းပြောလိုက်ပါသည်။
"ဒွန်ရေ…ဒီမှာ နကျယ်ကောင်တစ်ကောင်ရောက်လာတယ်။ ရှင့်ဆီမှာ
ပိုးသတ်ဆေးဘူးများ မရှိဘူးလား"
သူက ပန်းကန်ဆေးစင်အောက်တွင် ဘူးတစ်ဘူးရှိကြောင်း ပြောပါသည်။
"အချစ်ရေ…"ကျွန်မက ပြန်၍အော်ပြောလိုက်သည်။ " အဲဒါက ပုရွက်ဆိတ်တို့၊
ပိုးဟပ်တို့ ဖျန်းတဲ့ဆေးဘူးပါ။ နကျယ်ကောင်အတွက် မဟုတ်ပါဘူး"
ထို့အခါ ကျွန်မယောက်ျားက ပြန်အော်ပြောလိုက်ပြန်သည်။
"နကျယ်ကောင်ကို ဘူးပေါ်က အမှတ်အသား မပြလိုက်နဲ့" တဲ့။
ကိုယ့်စကားနဲ့ကိုယ်
"မေမေ…မေမေ… ဖေဖေက ခေါင်းပေါ်မှာ ဘာဖြစ်လို့များ ဆံပင်တွေ
အရမ်းနည်းနေရတာလဲ"ဟု ဂျွန်နီလေးက သူ့အမေကို မေးသည်။
"သူက အများကြီး စဉ်းစားတွေးခေါ်ရတယ်လေ" ဟု မိခင်က ပြန်ဖြေလိုက်သည်။
ခင်ပွန်း၏ ထိပ်ပြောင်မှုအပေါ် အကောင်းဆုံး အဖြေတစ်ခု ပေးနိုင်သည့်အတွက်
သူမက မိမိကိုယ်ကို ဂုဏ်ယူလိုက်မိသည်။
ထိုနောက်တွင် သားဖြစ်သူ၏စကားကြောင့် မိခင်ဖြစ်သူမှာ ဘာပြန်ပြောရမှန်းမသိ
ဖြစ်သွားတော့သည်။
"ဒါဆိုရင် မေမေကရော ဘာကြောင့်များ ဆံပင်တွေ အများကြီး ရှိနေရတာလဲ"
စောင့်မှာပါ
ဆန်တာက ဆူတီတာအားပြောသည်။ "ငါနင့်ကို လက်ထပ်ယူချင်တယ်"
ဆူတီနာ။ ။ဒါပေမဲ့ ငါက နင့်ထက် အသက်တစ်နှစ် ကြီးတယ်လေ။
ဆန်တာ။ ။ ကိစ္စမရှိပါဘူး။ ဒါဆိုရင် နောက်နှစ်မှပဲ နင့်ကို လက်ထပ်ယူမယ်လေ။
ဆန့်ကျင်ဘက်လား
ကျွန်မ မင်္ဂလာပွဲတစ်ခု တက်ရောက်နေစဉ်က ဖြစ်သည်။ ငါးနှစ်အရွယ် ကျွန်မသားက "မေမေ…သတို့သမီးက ဘာဖြစ်လို့ အဖြူရောင်ဂါဝန် ဝတ်ရတာလဲ" ဟု မေးသည်။
"သူမရဲ့ အပျော်ဆုံးနေ့ဖြစ်လို့ အဖြူရောင်ဝတ်တာပေါ့ သားရယ်" ဟု ကျွန်မက အလွယ်တကူ ဖြေလိုက်ပါသည်။
ထို့နောက် သားငယ်က ဒုတိယမြောက်မေးခွန်းကို မေးပြန်သည်။
"ဒါဆိုရင် သတို့သားကရော ဘာဖြစ်လို့ အနက်ရောင်ဝတ်စုံ ဝတ်ရတာလဲဟင်"
သေချာစေချင်လို့
လူတစ်ယောက် မီးရထားရုံပိုင်ထံ ရောက်လာကာ မေးမြန်းလိုက်သည်။
"အမြန်ရထား ထွက်သွားပြီလားဗျ"
"ဟုတ်ကဲ့…ထွက်သွားပါပြီ"
"ဒါဆို လောကယ်ရထားရော…"
"ရှစ်နာရီခွဲတုန်းက ထွက်သွားပါတယ်"
"ကုန်တင်ရထားဆိုရင်ရော…"
"ဒီဘူတာကို ညသန်းခေါင်လောက်မှ ဖြတ်သွားမှာပါ"
"ဒါဆို ခုထွက်မဲ့ ရထားမရှိတော့ဘူးပေါ့"
"ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ။ ခင်ဗျား ရထားစီးပြီး အရေးတကြီး သွားစရာများရှိလို့လား" ဟု စိတ်တိုလာသည့် ရုံပိုင်က အော်လိုက်သည်။
ထို့အခါ သူက ပြန်ပြောလိုက်သည်။
"မဟုတ်ရပါဘူးဗျာ…. ကျွန်တော့် ရထားလမ်း ဖြတ်ကူးချင်လို့ပါ"
ဖိတ်ကျလို့
လူနာ။ ။ ဆရာရေ…ကျွန်တော့်ကို ကူညီပါဦးဗျာ။ ကျွန်တော့်လက်တွေ တုန်နေတာ ရပ်လို့မရလို့ပါ။
ဆရာဝန်။ ။ခင်ဗျား…အရက်တွေအများကြီး သောက်ထားတာမဟုတ်လား။
လူနာ။ ။မဟုတ်ပါဘူးဗျာ။ ဖိတ်ကျတာက အများစုပါ။
စားပြီသား
လူတစ်ယောက်သည် စောင့်ရှောက်ရေးဂေဟာရှိ အဒေါ်ဖြစ်သူထံ အလည်လာပါသည်။ အဒေါ်ဖြစ်သူ အိပ်ပျော်နေသဖြင့် သူသည် ကုလားထိုင်တစ်လုံးတွင်ထိုင်ကာ မဂ္ဂဇင်းအချို့ကို လှန်လှောကြည့်ရူပြီးနောက် စားပွဲပေါ်ရှိ ပန်းကန်တစ်လုံးထဲမှ မြေပဲစေ့များကို ကောက်ဝါးနေလိုက်သည်။ နောက်ဆုံးတွင် အဒေါ်ဖြစ်သူ နိုးလာပါသည်။
"စိတ်မကောင်းပါဘူး…အန်တီ။ ကျွန်တော် အန်တီရဲ့ မြေပဲစေ့တွေ စားလိုက်မိပြီ" ဟု သူကတောင်းပန်လိုက်သည်။
ထို့အခါ အန်တီဖြစ်သူ၏ ပြောစကားကြောင့် သူသည် ပျို့အန်ချင်စိတ် ပေါက်သွားတော့သည်။
"ရပါတယ် ငါ့တူရယ်။ အဲဒီက ချောကလက်တွေ အန်တီစုပ်စားပြီးမှတော့ မြေပဲစေ့တွေကို သံယောဇဉ် မတွယ်တော့ပါဘူးကွယ်"
နေလင်းအောင်

No comments:

Post a Comment