Friday, March 15, 2013

'နောင်တ'



'နောင်တ'


နောင်တ
ရှေးဦးအစ ပထမက
ကောင်းတယ်ဆိုတာ သိခဲ့ပါမူ
သူငါမချွတ် ပြုဖြစ်မည်။

ရှေးဦးအစ ပထမက
ဒီဟာမကောင်း မလုပ်ကောင်းဟု
မသိ၍သာ ပြုခဲ့သည်။
 

ရေကုန်ငါးပျောက် အိုင်လယ်ရောက်သည့်
တောင်ပျက်ကြိုးကြာ မှိုင်ရရှာသို့
လူမိုက် နောင်တ နှောင်းမှရသည်
ပြင်၍မရ နိုင်ပါတကား။


ပျင်းနောင်တ

ပျင်းနောင်တဆိုတာ ပျင်းရိသူများ အတွက်ဖြစ်ပါတယ်။ ပျင်းရိမိတဲ့အတွက်ကြောင့်
ကောင်းမှန်း သိရဲ့သားနဲ့ မလုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေ လူတိုင်းမှာလိုလိုရှိခဲ့ပါတယ်။

အဲဒီလို အတိတ်ကာလက ကောင်းတဲ့အလုပ်တွေကို မလုပ်မိတဲ့အတွက်ကြောင့်
မလုပ်ခဲ့မိတာ မှားလေစွာ မှားလေစွလို့တွေးတွေးပြီးတော့ နှလုံးမသာမယာဖြစ်နေ
ရတာဟာ ပျင်းရိခဲ့မိတဲ့အတွက်ကြောင့် ဖြစ်ရတဲ့ ပျင်းနောင်တပါ။

ပျင်းလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့ မကောင်းတဲ့ မသင့်လျော်တဲ့ အလုပ်တွေကို
တစ်ခါတစ်ရံမှာ တစ်ချို့လူတွေက ကျူးလွန်တတ် လုပ်မိတတ်ကြပါတယ်။ဒါ့ကြောင့်
လူမိုက်နောင်တနှောင်းမှရ ဆိုတာမျိုး မဖြစ်ရလေအောင် မိမိရဲ့ သန္တန်မှား အပျင်း
ဓာတ်တွေဝင်လာရင် အမြန်ဆုံး ပယ်ဖျောက်နိုင်ဖို့ ကြိုးစားရပါမယ်။

မေ့နောင်တ

မေ့နောင်တဆိုတာ မေ့မေ့လျော့လျော့ နေတတ်သူများအတွက် ဖြစ်ပါတယ်။မေ့မေ့
လျော့လျော့ ပေါ့ပေါ့ဆဆ နေတတ်သူများဟာလောကီအရေး လောကုတ္တရာအရေး
ပစ္စုပ္ပန်မျက်မှောက်အရေး တမလွန် နောင်အခါ အရေးတွေကို နက်နက်နဲနဲတွေး
တောဆင်ခြင် စဉ်းစားလေ့မရှိပါဘူး။ပေါ့ပေါ့နေ ပေါ့ပေါ့စားရင်နဲ့တန်ဖိုးရှိတဲ့အချိန်
ကာလတွေကို ဘာအလုပ်မှဖြစ်ဖြစ်မြောက်မြောက် မလုပ်ဘဲ အလကားနေရင်းဖြုန်း
တီးပြစ်လေ့ ရှိကြပါတယ်။

အဲဒီလို မိမိလုပ်သင့် လုပ်ထိုက်တဲ့ အချိန်မှာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို
မေ့လျော့ပေါ့ဆပြီး မလုပ်ခဲ့မိတဲ့ အတွက်ကြောင့် အသက်အရွယ်ကြီးရင့် ရောဂါ
ဘယတွေနှိပ်စက်(မကြာမီအချိန်အတွင်းမှာ ဧကန်မုချ သေရတော့မယ့်)သေရာ
ညောင်စောင်းလဲလျောင်း နေရတဲ့ အချိန်ကျမှ ငယ်ရွယ်နုပျို ကျန်းမာတုန်း လုပ်နိုင်
ကိုင်နိုင်တဲ့ အချိန်တုန်းက ကောင်းတဲ့အလုပ်တွေကို မလုပ်ခဲ့မိတာ မကောင်းတဲ့
အလုပ်တွေကိုလုပ်ခဲ့မိတာ မှားလေစွ မှားလေစွလို့ နှလုံးမသာမယာ ဖြစ်နေရတာ
ဟာမေ့မေ့လျော့လျော့ နေခဲ့မိတဲ့ အတွက်ကြောင့်ဖြစ်ရတဲ့ မေ့နောင်တပါပဲ။ဒါ့ကြောင့်
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပရိနိဗ္ဗာန်ဝင်စံတော်မူခါနီးမှာ 'အပ္ပမာဒေန
ဘိက္ခဝေ သမ္ပာဒေထ' 'ချစ်သားတို့ မမေ့မလျော့ နေရစ်ကြ'လို့မိန့်တော်မူခဲ့တာ
ဖြစ်ပါတယ်။


မိုက်နောင်တ

မိုက်နောင်တဆိုတာ မိုက်မဲသူများအတွက် ဖြစ်ပါတယ်။အသိညာဏ်ပညာမရှိတဲ့သူ
မလိမ္မာတဲ့သူ၊ အဝိဇ္ဇာတရား မောဟတရား လွှမ်းမိုးဖိစီးထာခံရတဲ့သူဟာ မိုက်မဲတဲ့
သူဖြစ်ပါတယ်။အသိ၊ အလိမ္မာ၊ ညဏ်ပညာ မရှိတဲ့အတွက်ကြောင့်မလုပ်သင့် မလုပ်
ထိုက်တဲ့ အလုပ်တွေကို လုပ်သင့်တယ် လုပ်ထိုက်တယ်လို့ထင်ပြီး ကိုယ်တိုင်လည်း
ဇွတ်အတင်း လူပ်တတ်ပါတယ်။သူတစ်ပါးတွေကိုလည်းတိုက်တွန်းတတ်ပါတယ်။
မလုပ်သင့် မလုပ်ထိုက်တဲ့အလုပ်တွေကို လုပ်သင့်လုပ်ထိုက်တယ်လို့ထင်မြင်ယူဆ
ပြီးတော့ စွဲလမ်းနှစ်သက်မြတ်နိုး နေတတ်ပါတယ်။မလုပ်သင့် မလုပ်ထိုက်ဘူးလို့
တတ်သိနားလည်တဲ့ အကျိုးလိုလားတဲ့ပညာရှိသူတော်ကောင်းတွေက တားမြစ်ပိတ်

ပင်ရင် စိတ်ဆိုးတတ် အမျက်ထွက်တတ်ပါတယ်။ဒါ့ကြောင့်အဲဒီလို မလုပ်သင့်မလုပ်
ထိုက်တဲ့ အလုပ်တွေကို မိုက်မိုက်မဲမဲနဲ့ဇွတ်အတင်း လုပ်မိခဲံတဲ့ အတွက်ကြောင့်
မကောင်းတဲ့ အကျိးတရားတွေကို တစ်သီတသန်းကြီးခံစားရတဲ့ အချိန်ကျမှ
ဇွတ်အတင်းလုပ်ခဲ့မိတာ မှားလေစွ မှားလေစွလို့နှလုံးမသာမယာ ဖြစ်ပြီးတော့

ပူပန်နေရတာဟာ မိုက်မဲခဲ့မိတဲ့ သူတွေမှား ဖြစ်နေရတဲ့မိုက်နောင်တပါပဲ။
ဓမ္မဂုဏ်ရောင် ဆရာတော် အရှင်တေဇိန္ဒ

နောင်တ မရစေဖို့ သတိထားရန် အချက်များ…

နောင်တ တရားကြီး (၁၀) ပါး (သို့မဟုတ်) ကုက္ကုစ္စ (၁၀) ပါး…

(၁) ငယ်ရွယ်စဉ်က ပညာသင်ကြားရန် အခွင့်အရေး ရပါလျက် ပညာကို မသင်ကြားဘဲ

ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါမှ အသက်မွေးမှု
မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
(ငယ်စဉ်က ပညာ မသင်ခဲ့မိခြင်း)

(၂) ငယ်ရွယ်စဉ် အခါက ပစ္စည်းဥစ္စာ မရှာမိခဲ့၍ အိုမင်းရင့်ရော်

နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာ ရခြင်း။
(ဒုတိယ အရွယ်က ဥစ္စာ မစုခဲ့မိခြင်း)

(၃) ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့ မိသောကြောင့်

သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိတာမှားလေခြင်း ဟု
နောင်တကြီးစွာ ရခြင်း။
(သူတစ်ပါး၏ ချစ်ခင်မှုများကို ဖျက်ဆီးခဲ့မိခြင်း)

(၄) သတ္တ၀ါများအား သနားမဖက် ရက်စက်ကြမ်းကြုတ်စွာ သတ်ခဲ့မိခြင်းကြောင့်

သက်ရွယ် ကြီးရင့်လာသောအခါ ယူကြုံးမရ ဖြစ်ကာ နောင်တကြီးစွာ ရခြင်း။
(သူ့အသက်ကို သတ်၍ စားခဲ့မိခြင်း)

(၅) မသွားလာအပ်သော သူ့မယားနှင့် သမီးများကို သွားလာပေါင်းသင်း

ဖျက်ဆီးမိခြင်းကြောင့် မိမိသားသမီးများ ရလာပါက နောင်တတဖန် ပူပန်ရခြင်း။
(သူတစ်ပါး သားမယားကို ဖျက်ဆီးခဲ့မိခြင်း)

(၆) များစွာသော ပစ္စည်းဥစ္စာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံခဲ့ပါလျက် ဒါနတည်း

ဟူသော လှူဒါန်းပေးကမ်းရန် သတိမရဘဲ မွဲပြာကျကာမှ ငါမလှူခဲ့မိတာ
မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(ပစ္စည်းရှိလျက် အလှူဒါန မစွန့်ကြဲခဲ့မိခြင်း)

(၇) မိဘို၊ ဖအိုများကို ကျွေးနိုင်မွေးနိုင် ဥစ္စာအင်အား ရှိပါလျက်

အသက်ထင်ရှား ရှိစဉ်က ကျွေးမွေးရန် သတိမရဘဲ သေလွန်သွားပါမှ
ငါမကျွေးခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(မွေးမိ၊ မွေးဘတို့ကို မကွယ်လွန်မီ မပြုစုခဲ့ရခြင်း)

(၈) မွေးသည့် မိခင်၊ ဖခင် ကျေးဇူးရှင်တို့အား မထေမဲ့မြင် ပြုခဲ့ ပြောခဲ့

မိသောကြောင့် နောင်သောအခါမှ ရင်ထုမနာ ဖြစ်ရခြင်း။
(ကျေးဇူးရှင်များအား ကျေးဇူးကန်းခဲ့မိခြင်း)

(၉) သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ရဟန်းကောင်း၊ ရဟန်းမြတ်

လူပုဂ္ဂိုလ်များ ရှိပါလျက် မဆည်းကပ် မကိုးကွယ် မိခြင်းကြောင့်
နောင်တကြီးစွာ ရခြင်း။
(သူတော်ကောင်း၊ ပညာရှိတို့၏ ဆုံးမစကား နည်းနာများကို မနာယူမိခဲ့ခြင်း)

(၁၀) ငြိမ်သက်သော အကျင့်၊ ခြိုးခြံသောအကျင့်သည် ကောင်း၏ဟု

သူတော်ကောင်းများ ဟောကြားခဲ့ပါလျက် တွေဝေသည့်အတွက်
မကျင့်ကြံခဲ့မိသောကြောင့် အခါနှောင်းကာမှ နောင်တကြီးစွာ ရခြင်း။
(၀ိပဿနာ တရားများ ကျင့်ကြံအားထုတ်မှု မရှိခဲ့ခြင်း)

ဤ နောင်တတရား စာစုကို ဖတ်ရှုခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပွားများ

အားထုတ်နိုင်ကြပါစေ။ 

အရှင်သိရိန္ဒ 

No comments:

Post a Comment