Monday, March 18, 2013

အိပ်စက်နေတဲ့သူရဲကောင်းတွေ – ပိုလန်ဒဏ္ဍာရီ



အိပ်စက်နေတဲ့သူရဲကောင်းတွေ – ပိုလန်ဒဏ္ဍာရီ

Published By Myat Shu On Sunday, October 14th 2012. Under ပုံပြင်, ဘာသာပြန်, မျက်ရှု    
Wladyslaw Skoczylas (1883-1934)
ဥရောပတိုက်မှာရှိတဲ့ ပိုလန်နိုင်ငံဟာ သူရသတ္တိ ပြည့်ဝတဲ့ သူရဲကောင်းတွေရဲ့ အမိမြေလို့ ထင်ရှားပါတယ်။ ရဲစွမ်းသတ္တိ ပြည့်ဝတဲ့ သူရဲကောင်းတွေဟာ ဘယ်တော့မှ မသေဆုံးဘူး။ သူတို့ဟာ ပီဆာနာတောင်ခြေက လိုဏ်ဂူကြီးတစ်ခုထဲမှာ အိပ်စက် အနားယူနေရင်းနဲ့ ပိုလန်နိုင်ငံကို စောင့်ရှောက်ဖို့ အသင့်ရှိနေတယ်လို့ ပိုလန်လူမျိုးတွေက ယုံကြည်ကြပါတယ်။
တစ်ခါတုန်းကပေါ့ကွယ်။ “ပီဆာနာ” တောင်ခြေက ရွာကလေးမှာရှိတဲ့ ပန်းပဲဖိုထဲကို ထောင်ထောင်မောင်းမောင်း လူတစ်ယောက်ဟာ ဗြုန်းစားကြီး ၀င်လာသတဲ့။ မြင်နေကျ တွေ့နေကျ မဟုတ်တော့ ပန်းပဲဆရာကြီးလည်း အံ့အားသင့် သွားတာပေါ့။ အဲဒီ ဗလတောင့်တောင်နဲ့ လူစိမ်းဟာ ပန်းပဲဆရာကြီးကို ဒီလို ပြောလိုက်သတဲ့။
“ဒီမယ် ပန်းပဲဆရာကြီး။ ခင်ဗျားကို ကျုပ် အလုပ်တစ်ခု အပ်ချင်ပါတယ်။ ဒီအတွက် တန်ဖိုးလက်ခ ထိုက်ထိုက်တန်တန် ချီးမြှင့်ပါမယ်။ ဒါပေမယ့် ပါးစပ် မဖွာနဲ့ဗျာ။ ဒီအလုပ် လုပ်တာကို သိုသိုသိပ်သိပ် လုပ်ရမယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် ခင်ဗျားရဲ့ ဇနီးသည်ကိုတောင် မပြောပါနဲ့။”
ဒီလိုဆိုတော့ ပန်းပဲဆရာကြီးကလည်း “ကောင်းပါပြီဗျာ .. မိတ်ဆွေရဲ့ သဘောအတိုင်း ဖြစ်စေရပါမယ်လို့ ပြန်ပြောလိုက်သတဲ့။ ဒီတော့ အဲဒီလူစိမ်းဟာ သူ့ရဲ့ ကုတ်အကျီထဲက ရွှေချောင်းတစ်ချောင်းကို ထုတ်ပေးပြီး “ဒီရွှေချောင်းနဲ့ မြင်းသံခွာ လုပ်ပေးပါ” လို့ ဆိုသတဲ့။ ပန်းပဲဆရာကြီးဟာ အဲဒီရွှေချောင်းကို လုံထဲ ထည့်ပြီး ကျိုတော့တာပေါ့။ နောက်တော့ တူကလေးနဲ့ တတိန်တိန် မြည်အောင် ထုပြီး အဲဒီ ရွှေချောင်းကို မြင်းသံခွာ လုပ်လိုက်သတဲ့။
မြင်းသံခွာ လုပ်တာ ပြီးသွားတော့ လူစိမ်းဟာ ပန်းပဲဆရာကြီးကို “ကိုရှ်ချိလိခ်စကား”တောင်ကြားဒေသကို ခေါ်သွားသတဲ့။ ဒီလိုနဲ့ တောထဲမှာ အချိန်တော်တော်ကြာအောင် လျှောက်ပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်ဟာ သစ်ရွက်တွေ ကျောက်တုံးတွေနဲ့ ဖုံးထားတဲ့ လိုဏ်ဂူကြီးတစ်ခုရဲ့ တံခါးဝကို ရောက်သွားတော့တာပေါ့ကွယ်။
လိုဏ်ဂူကြီးထဲကနေ ရွှေရောင်အလင်းတန်းတွေ တဖျပ်ဖျပ် လက်နေသတဲ့။ ပန်းပဲဆရာကြီးဟာ မျက်စိကျိန်းလွန်းလို့ သူ့ မျက်လုံးတွေကို လက်နဲ့ အုပ်ထားရတာပေါ့။ အတော်ကြာပြီးတော့မှ သူ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ လိုဏ်ဂူထဲမှာ ချပ်ဝတ်တန်ဆာ အပြည့် ၀တ်ထားတဲ့ စစ်သည်တော်တွေဟာ စစ်ခမောက်ဆောင်းထားတဲ့ ခေါင်းနဲ့ မြင်းကုန်းနှီးတွေကို မှီပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို တွေ့ရသတဲ့။ အိပ်ပျော်နေတယ်ဆိုပေမယ့် ဓားတွေ လှံတွေ ပုဆိန်တွေကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ကိုင်ထားကြသတဲ့ကွယ်။ အဲဒီ စစ်သည်တော်တွေနဲ့ မလှမ်းမကမ်းမှာ စစ်မြင်းကြီးတွေကို တွေ့ရပြန်သတဲ့။ အဲဒီ စစ်မြင်းကြီးတွေကို အင်မတန် နူးညံ့တဲ့ ခြုံစောင်နဲ့ အုပ်ထားတယ်။ အဲဒီ စစ်မြင်းကြီးတွေကို ရွှေနဲ့လုပ်ထားတဲ့ မြင်းသံခွာတွေ တပ်ပေးထားကိုလည်း တွေ့ရပြန်သတဲ့။
လူစိမ်းဟာ မြင်းကြီးတစ်ကောင်ရဲ့ အနားကို သွားပြီးတော့ “ဒီမယ် ပန်းပဲဆရာကြီး။ ဒါ ကျုပ်ရဲ့ မြင်းပဲ။ အရင်တုန်းက တပ်ထားတဲ့ သံခွာကတော့ ကျိုးသွားတယ်ဗျာ။ အခု ခင်ဗျား လုပ်လာတဲ့ မြင်းသံခွာကို သူ့ ခြေထောက်မှာ တပ်ပေးပါ”လို့ ဆိုလိုက်သတဲ့။ ဒီတော့ကာ ပန်းပဲဆရာကြီးဟာ သူ လုပ်လာတဲ့ မြင်းသံခွာကို မြင်းကြီးရဲ့ ခြေထောက်မှာ တပ်ဖို့ ပြင်ရတော့တာပေါ့။ မြင်းသံခွာကို မီးနဲ့ အပူပေးပြီး တပ်လိုက်တယ်။ မြင်းကြီးကတော့ အိပ်ပျော်နေတာ မနိုးဘူးတဲ့။ ဒီလိုနဲ့ပဲ မြင်းသံခွာ ရိုက်တဲ့ ကိစ္စ ပြီးသွားတာပေါ့ကွယ်။
ပန်းပဲဆရာကြီးဟာ လူစိမ်းကို ဟိုဟာက ဘာလဲ။ ဒီဟာက ဘာလဲနဲ့ မေးခွန်းတွေ တစ်ခုပြီး တစ်ခု မေးပြန်သတဲ့။ လူစိမ်းက “ဒီလိုဗျာ ပန်းပဲဆရာကြီးရယ်။ ဟောဒီ လိုဏ်ဂူထဲမှာ ရှိနေတဲ့ စစ်သည်တော်တွေ အိပ်စက်နေတာ နှစ်ပေါင်း ရာနဲ့ ချီနေပါပြီ။ သူတို့ဟာ တစ်နေ့မှာ အိပ်စက်နေတာက နိုးထလာမှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ အင်မတန် ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းဟာ ဟောဒီ ကမ္ဘာမြေနဲ့ ကောင်းကင်ကို သွက်သွက်ခါအောင် တိုက်ခတ်ပါမယ်။ ထင်းရှုပင်ကြီးတွေဟာ နှစ်ပိုင်းချိုးခံထားရတဲ့ မီးခြစ်ဆံတွေလို ကျိုးပဲ့သွားပါလိမ့်မယ်။ ဟောဟိုနားက ကျောက်တုံးကြီးတွေဟာ တောင်အောက်ကို ၀ရုန်းသုန်းကား ပြုတ်ကျသွားပါလိမ့်မယ်။ အဲဒီ အချိန်မှာ ဟောဒီ လိုဏ်ဂူတံခါးကြီး ပွင့်လာပြီး အိပ်စက်နေတဲ့ သူရဲကောင်းတွေဟာ မြင်းကိုယ်စီ စီးပြီးတော့ အမိပိုလန်နိုင်ငံကို ကာကွယ်မယ့် တရားသော စစ်ပွဲကြီးကို ဆင်နွဲပါလိမ့်မယ် လို့ ပြောလိုက်သတဲ့။
ဒီလိုနဲ့ မြင်းသံခွာ ရိုက်တဲ့ ကိစ္စ ပြီးတဲ့ နောက်မှာ ပန်းပဲဆရာကြီးဟာ လိုဏ်ဂူကြီးထဲကနေ ပြန်ထွက်လာရတော့တာပေါ့။ လူစိမ်းက ပန်းပဲဆရာကြီးကို သူ့ရွာ ပြန်ရောက်တဲ့ အထိ လိုက်ပို့ပါတယ်။ ဒီလိုနဲ့ ရွာနားကို ရောက်တော့ ဒီမယ် ပန်းပဲဆရာကြီး ပေးထားတဲ့ ကတိ တည်ပါစေ။ ဒီ အကြောင်းတွေ ဘယ်သူ့ကိုမှ မပြောပါနဲ့ လို့ သေသေချာချာ မှာပြီးတော့ ရွှေမှုန်တွေ အပြည့်ထည့်ထားတဲ့ သားရေအိတ်ကြီးကို ပန်းပဲလက်ခ အဖြစ် ပေးလိုက်သတဲ့။ နောက်တော့ အဲဒီလူစိမ်းဟာ တောထဲကို ပြန်ဝင်သွားတာပေါ့။
ပန်းပဲဆရာကြီးဟာ ပါးစပ် သိပ်ဖွာတာပဲ။ ပေးထားတဲ့ ကတိကို တည်အောင် မထိန်းဘူးကွဲ့။ အိမ်ပြန်ရောက်တော့ သူ့ မယားကို လိုဏ်ဂူကြီး အကြောင်း ပြောပြသတဲ့။ ပြီးတော့ အိမ်နီးနားချင်းတွေကိုလည်း လျှောက်ပြောသတဲ့။ ဒီလိုပြောပြီးတဲ့ နောက်မှာ သားရေအိတ်ထဲမှာ ထည့်ထားတဲ့ ရွှေမှုန့်တွေဟာ ဘာမှ တန်ဖိုးမရှိတဲ့ သဲမှုန့်တွေ ဖြစ်သွားတာပေါ့။ ပန်းပဲဆရာကြီးဟာ တောထဲပြန်ဝင်ပြီး လိုဏ်ဂူကြီး ရှိမယ့်နေရာကို အကြိမ်ကြိမ်း လိုက်ရှာပေမယ့် ဘယ်တော့မှာ မတွေ့ရပါဘူး။ ကတိမတည်ရင်တော့ ဆုံးရှုံးမှုတွေနဲ့ ကြုံရတာ ထုံးစံပါပဲကွယ်။
မောင်ကျပ်ခိုး ပြန်ပြောသည်။
၁၃၇၄ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၄ ရက် တနင်္ဂနွေနေ့။ ခရစ်နှစ် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၄ ရက်။

No comments:

Post a Comment