Wednesday, October 17, 2012

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစတင်တည်ထောင်ဖြစ်ခဲ့ပုံနှင့် ဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်




           မာဂဓီ-သာစည်ကျောင်းတိုက်ကို သာသနာရေးဝန်ကြီးဌာန၊  အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း
နည်းပြ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ပညာသာမိ(မာဂဓီ-
သာစည်)ဆရာတော်ဘုရားကြီးကစတင်တည်ထောင်တော်မူခဲ့ပါသည်။ မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းကို ၂၀၀၇-ခုနှစ်မှာစတင်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါသည်။
            ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်သည် ဆရာတော်ကြီး၏ ရည်ရွယ်ချက်ပင်ဖြစ်ပါသည်။ ဆရာတော်ကြီး၏ဆန္ဒ ဆရာတော်ကြီး၏ လမ်းညွှန်သြ၀ါဒနှင့်အညီဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းတိုက်တည်ထောင်စကဆရာတော်ကြီးကဘုန်းတော်ကြီးသင်ပညာရေးကျောင်းတည်ထောင်၍ ကလေးသူငယ်များ၏ အသိအလိမ္မာပညာအတွက် ဆောင်ရွက်စေချင်သောဆန္ဒရှိတော်မူသည်။ ဆရာတော်ကြီးကကလေးသူငယ်တွေကအရေးကြီးတယ်၊ သူတို့တစ်တွေ လိမ္မာယဉ်ကျေးနေကြဖို့၊ တော်နေကြဖို့လိုတယ်။ ဒါမှနိုင်ငံအကျိုးပြု သားကောင်းသမီးကောင်းတွေပေါ်ထွန်းလာမယ်။ လောကကိုအလှဆင်နိုင်မယ် ဟုဆရာတော် အမြဲအမိန့် ရှိပါသည်။ ထိုပြင် သင်ကြားခြင်းနှင့် အသိအလိမ္မာပညာပေးခြင်းကို ၀ါသနာပါလှသည့်အတွက် ကလေးသူငယ်များအားအသိအလိမ္မာပညာပေးသောဤဘုန်းတော်ကြီးသင်ပညာရေးလုပ်ငန်းကိုဆောင်ရွက်နေခြင်းဖြစ်ပါသည်။

လက်ရှိဆောင်ရွက်နေသောဆောင်ရွက်ချက်
            လက်ရှိဆောင်ရွက်နေသောဆောင်ရွက်ချက်များမှာဤကျောင်းတွင်သူငယ်တန်းမှ စတုတ္ထတန်းအထိကျောင်းသားကျောင်းသူ ၃၈၇ - ယောက် တက်ရောက်ပညာသင်ယူလျက်ရှိပါတယ်။ ရဟန်းတော်(၂)ပါးနှင့် ဆရာ၊ ဆရာမ(၇)ဦးတို့ကပညာသင်ကြားပေးလျက်ရှိပါသည်။
            ဆရာတော်များ၏ကျောင်းသည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်သည်နှင့်လျော်ညီစွာကျောင်းသားကျောင်းသူလေးများစာရိတ္တကောင်းမွန်ပြီးလိမ္မာယဉ်ကျေးသောသားကောင်းသမီးမွန်လေးများဖြစ်လာစေရန် မာဂဓီ - သာစည်ဆရာတော်ဘုရားကြီးသင်ကြားခဲ့သော အခြေခံဗုဒ္ဓဘာသာသင်ကြားမူနည်းစနစ် သင်ရိုးအတိုင်းသင်ကြားလျက်ရှိပါသည်။
            မြန်မာနိုင်ငံပညာရေးသမိုင်းကိုကြည့်မည်ဆိုလျှင် ဘုန်းတော်ကြီးသင် ပညာရေးသ် တစ်ထောင့်တစ်နေရာမှ ပါဝင်နေကြောင်းတွေ့နိုင်ပါသည်။ ဘာကြောင့်လဲဆိုလျှင်ရှေးမြန်မာကြီးများပညာသင်ကြားကြရာကျောင်းများမှာဘုန်းတော်ကြီးကျောင်းများ ဖြစ်ခဲ့၍ပင် ဖြစ်ပါသည်။
           
            ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးသည်ဆင်းရဲချမ်းသာမရွေး၊ လူတန်းစားမရွေးသင်ယူနိုင်ကြပါသည်။ ထိုပြင် ဘုန်းတော်ကြီးကျောင်းပညာရေးသည် မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဖြစ်သောဗုဒ္ဓစာပေများကိုလေ့လာသင်ယူနိုင်ခြင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။
            ဘုန်းတော်ကြီးသင်ပညာရေးစနစ်သည် ဗုဒ္ဓဘာသာကိုအခြေခံသော မြန်မာ့ရိုးရာပညာရေးစနစ် ၊ မြန်မာ့အမျိုးသားပညာရေးစနစ် လည်း ဖြစ်ပါသည်။ ထိုသို့ အမျိုးသားပညာရေးစနစ်ဖြစ်သည့်အားလျော်ညီစွာကလေးသူငယ်များဘာသာရေးအခြေခံအုတ်မြစ် ခိုင်မာဖို့သည်လည်းလွန်စွာအရေးးကြီးပါသည်။



ကေးလးများ၏ ယဉ်ကျေးမှု၊ စာရိတ္တဆိုင်ရာသင်ကြားမှု
            ကျောင်းတိုက်ကြီး၏ ပဓာနနာယကဖြစ်တော်မူသောဆရာတော် ဘဒ္ဒန္တ-ပညာသာမိ(မာဂဓီ-သာစည်) ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေတွင်သာသနာရေးဝန်းကြီးဌာန၊ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းကြီးကိုဖွင့်လှစ်ပြီး နှစ်ပေါင်း ၃၀ ကျော်တိုင်အောင် ဆောင်ရွက်တော်မူခဲ့ပါသည်။

            ဤကျောင်းတိုက်ကြီးကိုဖွင့်လှစ်တည်ထောင်ပြီးသည့်နောက်တွင်လည်းကလေးများ၏ ယဉ်ကျေးမှု၊ စာရိတ္တနဲ့ပက်သက်လျှင် ဆရာတော်ရေးသားပြုစုတော်မူခဲ့သောစာအုပ်များကိုမူထားပြီးသင်ကြားပေးလျက်ရှိပါသည်။
            ကျောင်းစတက်ချိန်မှာဘုရားရှိခိုးရသကဲ့သို့ စာရိတ္တချိန်များတွင်လည်း ယဉ်ကျေးလိမ္မာပုံဝတ္ထုများ၊ ဇာတ်နိပါတ်များပြောပြခြင်း၊ ကဗျာများသံပြိုင်ရွတ်ဆိုကြခြင်းများ ပြုလုပ်ပေးကြပါသည်။
အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့်ပတ်သက်၍ဆောင်ရွက်မှုများ
            ထူးထူးခြားခြားဆောင်ရွက်ဖြစ်မှုလေးတွေကိုပြောရမယ်ဆိုရင် မာဂဓီ-သာစည်ကျောင်းလေးသည် ထိုကဲ့သို့သောယဉ်ကျေးမှုနှင့်စာရိတ္တသင်ကြားမှုများကိုနေ့စဉ်ဆောင်ရွက်နေရုံမျှမကနွေရာသီ မေလ၂၅၊၂၆၊၂၇ ရက်များတွင် ကျင်းပသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးမှကြီးမှူးကျင်းပသည့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကြီးကိုလည်း နွေကျောင်းပိတ်ရက်များတွင် သင်ကြား၍ ၀င်ရောက်ဖြေဆိုစေပါသည်။ ထိုစာမေးပွဲတွင် ယဉ်ကျေးမှု ကျင့်ဝတ်ဘာသာ၊ ဗုဒ္ဓဘာသာမြန်မာစာဘာသာ၊ အခြေခံအဘိဓမ္မာဘာသာအားဖြင့် ၃ ဘာသာဝင်ရောက်ဖြေဆိုရပါသည်။
            နတ်တော်လတွင်ကျင်းပသော ၀ိုင်အမ်ဘီအေ ဟုခေါ်သည့် ဗုဒ္ဓဘာသာက - လျာဏယုဝအသင်းကြီးမှ ကျင်းပသောမင်္ဂလာတရားတော်နှင့်ဗုဒ္ဓ၀င်စာမေးပွဲတွင်လည်း ၀င်ရောက်ဖြေဆိုစေပါသည်။
            ထို့အပြင် လစဉ်လပြည့်နေတိုင်းတွင် အခါတော်နေ့အခမ်းအနားများကိုစွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့ကြီး၏ စီစဉ်မှုဖြင့်အခါတော်နေ့အခမ်းအနားများကိုကျင်းပပေးလျက်ရှိပါသည်။


မာဂဓီ - သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ သင်ကြားမှု စနစ်
          သင်ကြားမှုနည်းစနစ်အနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် သာသနာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှဖွင့်လှစ်သောမွမ်းမံသင်တန်းများ၊ အခြားသောဘာသာရပ်ဆိုင်ရာသင်တန်းများတွင် တက်ရောက်ခွင့်ရရှိပြီးရရှိသောနည်းစနစ်များဖြင့် သင်ကြားပေးလျက်ရှိပါသည်။ ထိုသင်တန်းများမှရရှိသောChild Center Approachဟုခေါ်သည့်ကလေးဗဟိုပြုသင်ကြားနည်း(CCA)စနစ်သည် သင်ကြားသည့်အခါတွင် ကလေးများအတွက် ပိုမိုထိရောက်ပြီးကျောင်းသားဦးရေများပြားမှုကိုတစ်စိတ်တစ်ဒေသဖြေရှင်းနိုင်သည့်အပြင် သင်ကြားမှုတွင်လည်းပိုမိုလွယ်ကူစေပါသည်။ ကလေးများ၏ သင်ယူမှု အပိုင်းတွင်လည်းစာသင်ချိန်တွင် ပျော်ရွင်နေ၍၊ စိတ်ပါဝင်စားကြသည်ကို တွေ့နိုင်ပါသည်။
            ထိုပြင် Teacher Center Approachဟုခေါ်သောဆရာဗဟိုပြုသင်ကြားနည်း(TCA)စနစ်ကိုလည်းလက်မလွတ်ဘဲ တစ်လှည့်စီ ယှဉ်တွဲသင်သင့်ကြောင်းမှတ်သားရပါသည်။

ကလေးများအားစာမေးပွဲစစ်ဆေးမှု
          ဤကျောင်းတွင် ကျောင်းသားကျောင်းသူလေးများအားအခန်းဆုံးစစ်ဆေးခြင်းများ၊ လစဉ်တိုင်းလပတ်စာမေးပွဲများစစ်ဆေးပေးလျက်ရှိပြီးထူးချွန်သောကလေးများကိုအခါအားလျော်စွာချီးမြှင့်ပေးလျက်ရှိပါသည်။ အတန်းတိုင်းမှာရှိကြသောကလေးများ၏ လစဉ်တိုးတက်မှုများကိုပျမ်းမျှတွက်၍ ပညာသင်နှစ်တစ်နှစ် ကုန်ဆုံးချိန်တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကြီးကိုကျင်းပပေးကာဂုဏ်ပြုဆုများချီးမြှင့်ပေးလျက်ရှိပါသည်။
            ဤသို့ ဆုများချီးမြှင့်ပေးရခြင်းသည် ပညာသင်ကြားရေးတွင် များစွာအထောက်အကူပြုနေကြောင်း တွေ့ရပါသည်။ ပိုမိုစိတ်ဝင်စားလာကြသည်ကို တွေ့ရပါသည်။ ကလေးများရဲ့ စိတ်ဓါတ်ခွန်အားကို မြှင့်တင်ပေးရာလည်းရောက်ပါသည်။ မိဘများပူးပေါင်းပါဝင်လာသည့်အတွက် ကလေးပညာရေးတွင် များစွာကောင်းမွန်လာစေပါသည်။မိဘဆရာပူးပေါင်း၊ ကလေးပညာရေးကောင်းဆိုသော ဆောင်ပုဒ်အတိုင်းဖြစ်ပါသည်။
            ပညာရေးနယ်ပယ်တွင် ဆရာ၊ မိဘ၊ ကျောင်းသားဟူသောသုံးနားညီတြိဂံတစ်ခုရှိပါသည်။ ဆရာဘက်ကတာဝန်၊ မိဘဘက်ကတာဝန်၊ ကျောင်းသားဘက်ကတာဝန်တို့ဖြစ်ပါသည်။ ထိုတာဝန်များ အသီးသီးကျေပွန်နေကြ၍ ဘက်ညီမျှနေမည်ဆိုလျှင် ကလေးပညာရေးသည် ကောင်းသည်ထက်ကောင်းလာမည်ပင် ဖြစ်ပါသည်။











No comments:

Post a Comment