Saturday, November 3, 2012

ပုံမှန် ကလေး၊ ပုံမှန် ဆရာ

သိန်းနိုင်


“စာသင်ခန်းအတွင်းမှာ “ပုံမှန်” ကလေးတွေရှိနေခြင်းဟာ အရေးကြီးသလို သင်ခန်းစာအစီအစဉ်တွေ ရေးဆွဲပြီး အပြုသဘောဆောင်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ “ပုံမှန်”ဆရာများဟာလည်း အရေးကြီးတာကို သတိပြုသင့်ပါတယ်။”


အငြိမ်မနေဘဲ အမြဲတမ်း တက်ကြွ လှုပ်ရှား ဆော့ကစားနေတဲ့ ကလေးကို “အဆော့သန်သူ” “ မျောက်ရှုံးအောင် ဆော့သူ” “ဂဏှာမငြိမ်သူ” ရယ်လို့ လူကြီးတွေက အလွယ်တကူ ကင်ပွန်းတပ် ခေါ်ဝေါ်လေ့ရှိကြပေမယ့် ငယ်ရွယ်တဲ့ ကလေးအများစု အတွက်တော့ ဒါဟာ ပုံမှန်အခြေအနေဘဲဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ “ပုံမှန်ဖြစ်ခြင်း” နှင့် “ပုံမှန်မဟုတ်ခြင်း” ဆိုတဲ့စကားရပ်တွေရဲ့ ကွာဟချက်ကို ပညာရေး စိတ်ပညာရှင်တွေကလည်း မကြာခဏ ဆိုသလို 



အဓိပ္ပါယ်ဖွင့်ဆိုရာမှာ လျော့တိလျော့ရဲ နိုင်လှပါတယ်။ အခြားသူတပါးရဲ့ ကိုယ်ရည်ကိုယ်သွေးကို အမြင် ကျဉ်းကျဉ်းနဲ့ ဆုံးဖြတ်တတ်လေ့ရှိကြတာပါ။

ကလေးအများစုကတော့ တက်ကြွပြီး အငြိမ်မနေလိုကြပါဘူး။ ဒါပေမယ့် ခန့်မှန်းရခက်ပြီး ပြောင်းလဲနေတဲ့ အပြုအမူ တွေကို ပြုမူတတ်ကြပြန်ပါတယ်။ လက်မခံနိုင်စရာရယ်လို့လည်း အမြဲတမ်း မရှုမြင်သင့်ပါဘူး။

တသီးပုဂ္ဂ သဘောဆောင်တဲ့ သဘောသဘာဝရှိတဲ့အတွက် စာသင်ခန်းအတွင်း အပြုအမူတွေကို တိတိကျကျ သတ်သတ်မှတ်မှတ် မျိုးတူစုစည်း တင်ပြဖို့ဆိုတာ အတော်မလွယ်တဲ့အရာပါ။ အသင့်တော်ဆုံး လေ့လာ နိုင်တာ ကတော့ ဆက်စပ်နေတဲ့ မျဉ်းဖြောင့်ပုံစံနဲ့သာ အပြုအမူ ပုံသဏ္ဌာန်တွေကို တင်ပြ ဆွေးနွေးနိုင်တာပါ။

ပုံမှန်ကလေးနှင့် ပုံမှန်မဟုတ်သော ကလေးဆိုတာ

စာသင်ခန်းအတွင်း စာသင်ကြားခြင်းနှင့် သင်ယူခြင်းဖြစ်စဉ်တွင် ပုံမှန် အပြုအမူကို အောင်မြင်တဲ့ သင်ကြားခြင်းနှင့် သင်ယူခြင်းဖြစ်မြောက်စေမှုအရ တုန့်ပြန် လုပ်ဆောင်ခြင်းများနဲ့ သတ်မှတ်နိုင်ပါလိမ့်မယ်။
ဒီအဓိပ္ပါယ် ဖွင့်ဆိုချက်အရဆိုရင် ပုံမှန်ဖြစ်ခြင်းဆိုတာ ကျောင်းသားများသာမကဘဲ ဆရာနှင့်လည်း သက်ဆိုင်နေတယ်။ (ထိရောက်တဲ့ လေ့လာသင်ယူမှု အမြင့်မားဆုံးရရှိစေဖို့) စာသင်ခန်းအတွင်းမှာ “ပုံမှန်” ကလေးတွေရှိနေခြင်းဟာ အရေးကြီးသလို သင်ခန်းစာအစီအစဉ်တွေ ရေးဆွဲပြီး အပြုသဘောဆောင်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ “ပုံမှန်”ဆရာများဟာလည်း
အရေးကြီးတာကို သတိပြုသင့်ပါတယ်။

အပြုအမူပိုင်းမှာ ပုံစံပြောင်းလဲ လုပ်ဆောင်စေခြင်းဆိုင်ရာ behavior modification လေ့လာမှု စာတမ်း တွေဟာ ကျောင်းသားရဲ့ အပြုအမူကို အဓိအားဖြင့် လေ့လာထားပေမဲ့ စာသင်ခန်းအတွင်း စံလွဲနေတဲ့ အပြုအမူတွေကို လေ့လာမှုများတော့ မရှိသလောက် ရှားပါးလှပါတယ်။

ဆရာအတတ်ပညာရေး နည်းပြတစ်ဦးအနေနဲ့ ကျွန်တော်ဟာ ကျောင်းဆရာဆရာမလောင်း သင်တန်းသူ သင်တန်း သားတွေကို မိမိကိုယ်ကို ပြန်လှန်စစ်ဆေးခြင်းအတွက် အချိန်ယူလုပ်ဆောင်ဖို့ကို မကြာခဏ တိုက်တွန်း ရလေ့ ရှိပါတယ်။ အထူးသဖြင့်တော့ စိတ်ခံစားမှုဆိုင်ရာ မလုံခြုံစေတဲ့ အခြေအနေတွေ အပါအ၀င် ပုဂ္ဂလ ပဋိပက္ခတွေ ဖြစ်ပါတယ်။

လေ့လာတွေ့ရှိမှုတွေ အရဆိုရင်တော့ မိမိရဲ့ အတွင်းပုဂ္ဂလ ပဋိပက္ခတွေကို တည်ငြိမ်စွာနဲ့ နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့ အခြေအနေကောင်းရရှိသူ ဆရာအနေနဲ့ ကျောင်းသားကို ပိုပြီး လေးလေးစားစား ဆက်ဆံနိုင် တယ်။ အမြင်ကျယ်ကျယ် ထားတတ်တယ်။ ကျောင်းသားရဲ့ အပြုအမူကို စီမံတဲ့နေရာမှာလည်း ပြင်းထန်ပြီး မလိုလားအပ်တဲ့ အပြစ်ပေး အရေးယူမှုတွေ မလုပ်တော့ဘူး။ အပြုအမူပိုင်းဆိုင်ရာ စံလွဲနေတဲ့ ကျောင်းသူ ကျောင်းသားကိုလည်း ဆရာကျင့်ဝတ်အရ လိုက်နာစောင့်ထိန်းမှုတွေ၊ သင့်တော်တဲ့ အပြုအမူ ပြင်ဆင်ပေးမှု တွေကို စီမံနိုင်တယ်။ အဲဒီအခြေအနေနဲ့ ဆန့်ကျင်ဘက်လည်းရှိတတ်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ စိတ်ခံစားမှု ဆိုင်ရာ မလုံခြုံမှုတွေက ဖြစ်ပေါ်လာရတဲ့ သင်ကြားရေးဟာ ပုံမှန်မဖြစ်ဘူးလို့ ဆိုရပါမယ်။

အဲဒီလိုပါဘဲ။ ကျောင်းသူကျောင်းသားတွေရဲ့ အပြုအမူ စံလွဲနေခြင်းဟာ ရည်မှန်းချက်တွေ မပြည့်ဝခြင်းမှ တဆင့် မကျေမနပ်ဖြစ်တဲ့ ခံစားချက်တွေက မြစ်ဖျားခံလာတာပါ။ အုပ်စုတွင်းမှ ကျဉ်ဖယ်ခံထားရခြင်း၊ ကျောင်းမှာ အောင်မြင်မှု မရရှိခြင်းနဲ့ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ပျောက်ဆုံးနေရခြင်းတွေဟာ ကျောင်းသူ ကျောင်းသားတွေကို အိမ်မှာ၊ ကျောင်းမှာ၊ စာသင်ခန်းအတွင်းမှာ စံလွဲနေတဲ့ အပြုအမူတွေကို ပြုမူလုပ်ဆောင်ဖို့ တွန်းအားပေးနေတဲ့ အချက်တွေဖြစ်တယ်။ ဒါကြောင့် ကျောင်းသူကျောင်းသားတွေဟာ အနုတ်လက္ခဏာ ဆောင်တဲ့ အမြင်သဘောထားတွေ (လူအဖွဲ့စည်းနဲ့ ကင်းကွာလာရခြင်း) နဲ့ သီးခြားလုပ်ဆောင်တတ်ခြင်း (ဖျက်ဆီးလိုစိတ်နဲ့ အကြမ်းဖက်လိုစိတ်) အပြုအမူတွေကို ပြုမူလာကြတာပါ။

နောက်ဆက်တွဲ အချက်တစ်ချက်

အပြုအမူဆိုင်ရာ တည်ငြိမ်မှုမရှိခြင်း၊ ပြောင်းလဲလွယ်ခြင်းဟာ ကျောင်းသူကျောင်းသားတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတယ် ဆိုတာကို ပြောပြချင်ပါတယ်။ စံလွဲနေတယ်ရယ်လို့ ဆိုရမယ့် အပြုအမူအားလုံးဟာလည်း လက်မခံသင့်ဘူးရယ် လို့တော့ ပြောလို့ မရပြန်ပါဘူး။

စံလွဲနေတဲ့ အပြုအမူတွေက ဘာတွေလဲ။ ဘယ်လိုအခြေအနေဆိုရင် အထူး သတိထားသင့်သလဲ။ ကျောင်းသူ ကျောင်းသား အချင်းချင်း (ကျောင်းသူ၊ ကျောင်းသား---ရွယ်တူ ကျောင်းသူ ကျောင်းသားများ) မတူညီတဲ့ အပြု အမူတွေ (ဥပမာ - နံရံတွေပေါ်မှာ အရုပ်တွေ၊ စာတွေ၊ ဆေးတွေ ရေးခြစ်ခြင်း၊ အခြား ကျောင်းသူ ကျောင်းသား တွေကို ထိုးကြိတ်ခြင်း၊ သင်ခန်းစာကို အလေးမထား၊ အာရုံမစိုက်ခြင်း) စတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဆရာ-- ကျောင်းသူ၊ ကျောင်းသား ဆက်ဆံရေးမှာတော့ (ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အာရုံစိုက်မှုရရှိအောင် ငယ်သံ ပါအောင် အော်ခြင်း၊ ကလေးရဲ့ ဂုဏ်သိက္ခာကို ကျဆင်း စေလောက်အောင် ပြင်းထန်တဲ့၊ ခါးသီးတဲ့ အပြစ်ပေး အရေးယူခြင်း၊ အခြားသော ကျောင်းသူ ကျောင်းသားများရဲ့ အမြင်မှာ အထင်မှားစေလောက်တဲ့ ဆရာ-တပည့် ဆက်ဆံရေး) စတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ စာသင်ခန်းနဲ့ ကျောင်းတွေမှာ ဒီလိုအပြုအမူတွေ ထပ်တလဲလဲ ဖြစ်နေမယ် ဆိုရင် အောင်မြင်တဲ့ စာသင်ကြားခြင်းနဲ့ စာသင်ယူခြင်းအတွက် အခက်အခဲရှိနေပါပြီ။

ဆရာဆရာမဟာ ကျောင်းသူကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှုရရှိအောင်လို့ ငယ်သံပါအောင် ဟစ်အော် ရတဲ့အခါမှာ ကလေးတွေရဲ့ လေးစားမှုနဲ့ ယုံကြည်မှုကို ဆုံးရှုံးရတော့မယ်။ စာသင်ခန်းဟာ ပိုပြီးတော့သာ ဆူညံလာမယ်၊ စာသင်ကြားခြင်း အရည်အသွေးကို ထိခိုက်လာတော့မယ်။ အခြားတဖက်မှာလည်း စာသင်ကြားခြင်းကို အာရုံမစိုက်တဲ့ ကျောင်းသူကျောင်းသားကတော့ စာမေးပွဲတွေမှာ အဆင်မပြေ ဖြစ်ရတော့တယ်။

စံလွဲနေတဲ့ အပြုအမူတွေဟာ စာသင်ခန်းတွင်းမှာ ရှိနေတဲ့ (ဆရာနဲ့ ကျောင်းသားအားလုံး) သူတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်ခြင်းဘဲဖြစ်တယ်။ ဥပမာအားဖြင့် အခြားကလေးတွေကို ထိုးကြိတ်တတ်တဲ့ ကျောင်းသူ ကျောင်းသားဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရစေနိုင်မယ်။ ပြင်းပြင်းထန်ထန်၊ ကြမ်းကြမ်းတမ်းတမ်း (ပြုမူ၊ ပြောဆို) အရေးယူတတ်တဲ့ ဆရာကျပြန်တော့ ကလေးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဒဏ်ရာကိုဖြစ်စေတယ်။ ဒီလိုအပြုအမူတွေ၊ လုပ်ရပ်တွေဟာ စာသင်ကြားပေးရန် စိတ်စေတနာနှင့် စာသင်ယူလိုတဲ့ စိတ်ဆန္ဒတို့ အပေါ် များစွာ ထိခိုက်တယ်ဆိုတာပါ။

နောက်ထပ်အချက်တစ်ချက်ကတော့ စံလွဲနေတဲ့အပြုအမူတွေကို လေ့လာရာမှာ မတူညီတဲ့ ယဉ်ကျေးမှု နောက်ခံ အခြေအနေတွေက ဖြစ်ပေါ်လာတဲ့ အပြုအမူတွေ ဟုတ်၊ မဟုတ်ဆိုတာကိုလည်း ထည့်သွင်း စဉ်းစား ရပါလိမ့်မယ်။ မြန်မာနိုင်ငံနဲ့ အာရှတိုက်က ကျောင်းသူကျောင်းသားတွေဟာ ယဉ်ကျေးမှုအရ ဆရာဆရာမများနဲ့ စကားပြောတဲ့ အခါမှာ မျက်လုံးချင်း တည့်တည့်ကြည့်ပြီး ပြောဆိုလေ့မရှိကြပါဘူး။ မျက်လုံးချင်း တည့်တည့်ကြည့်ပြီး စကားမပြော တာဟာ ယဉ်ကျေးမှုအရ၊ အပြုအမူအရ စံလွဲနေတယ်ရယ်လို့ မဆိုနိုင်ပါ။

သိန်းနိုင်

ပြန်ပိတ်ရန်...

No comments:

Post a Comment