Saturday, October 13, 2012

ဒါ တို့မြို့

သစ်ပင်ရိပ်တွေနဲ့  စည်းရိုးခတ်
လယ်ကွင်းပြင်စိမ်းစိမ်းတွေ  ရစ်ပတ်လို့
စပါးပင်တွေနဲ့  အနားသတ်ထားတဲ့မြို့   ။

စိတ်လိုရင်  ပါးချိုင့်ခွက်ပေါ်အောင်ပြုံး
စိတ်မလိုရင်  ရင်ဘတ်ကို တ၀ုန်းဝုန်းဆော်
ကားသံ ရထားသံတွေ အော်နေတတ်တဲ့မြို့  ။

ရှမ်းရိုးမတောင်တန်းတွေကို  နောက်ခံ
ပန်းချီကာတစ်ချပ်ကို  လှန်လိုက်သလို
ပင်ကိုယ်စရိုက်ကိုက  တည်ငြိမ်လှတဲ့မြို့  ။

အစိမ်းရောင်  ကော်ဇောအထက်မှာ
လွမ်းမောဖွယ် အိပ်မက်ထောင်သောင်းနဲ့
ပေါင်းစည်းကာ  ဆုပ်ဖမ်း
ညို့ယူငင်စွမ်းနိုင်တဲ့မြို့  ။

ဈေးသည် ဈေးဝယ်က အစ
အရာထမ်းနဲ့  အမှုထမ်းတွေစုံ
ကုန်သည်နှင့် မြို့နေလူ
တောင်သူနဲ့  ယာလုပ်
ဓါးမခုတ်ပါမကျန်
ပျားပန်းခတ်တမျှ လှုပ်နေတတ်တဲ့ မြို့  ။

သည်မြို့နဲ့  သည်အနေ
သည်အခြေနဲ့  သည်ရပ်ဝန်း
ငါကွန်းခိုခဲ့ပေါ့။

သူငယ်ချင်း
အညာခွင်တစ်ခေါက်
သာစည်ကိုရောက်ခဲ့ရင်
မြို့အ၀င်တမ်းချင်းတစ်ပုဒ်
မင်းထုတ်ဆိုဖြစ်ခဲ့မှာ
အသေအချာပါပဲ  ။   ။

                                     နေနေနိုင်သူ























No comments:

Post a Comment